Sunday, December 14, 2008

ကရင်နှစ်သစ်

ကရင်နှစ်သစ်
မည်သည့်အရာမျှ ဘ၀နှင့်မကင်း၊ ဘ၀၏ အစသည် သန္ဓေက ဖြစ်သည်ဟု ခံယူက မှားအံ့မထင်ပေ။ သက်ရှိရော သက်မဲ့ပါ အကြောင်းမဲ့ဖြစ်ပေါ်ခြင်း၊ ဖွားသန့်စင်ခြင်းမရှိ၊ တခုသော ကာလ အပိုင်းအခြားတို့ဖြင့် သန္ဓေတည်ကြရသည်မှာ လောကနိယာမပင် ဖြစ်သည်။
သက်ရှိလူသားနှင့် တိရစ္ဆာန်တို့မှာ တခုစီသော ကာလအတိုင်းအတာဖြင့် သန္ဓေတည် ဖွားသန့်စင် လာကြရသော်လည်း သက်မဲ့တို့၏ ပြောင်းလဲမှုအကြောင်း တရားများကား အတိုင်းအဆမရှိပါပေ။ နာရီပိုင်းအတွင်း ပြောင်းလဲနိုင်သလို နှစ်ရာထောင် သန္ဓေတည်ပေးရသည့် အရာများလည်း ဒုနှင့်ဒေးပင်။
ကရင့်ဘ၀သစ် ဖွားသန့်စင်ရေးအတွက် အတိတ်ကာလတွင်ရော မျက်မှောက်ယနေ့တိုင်အောင်ပင် ဘိုးဘွားမိဘခေတ် အဆက်ဆက်ကပင် သန္ဓေပျိုးလာခဲ့ပါ၏။ မျိုးစေ့ချချပေးခဲ့ပါ၏။ ကာလ ရှည်ကြာ ခဲ့ပေပြီ။ မျှော်မှန်းထားသော စည်းလုံးညီညွတ်ခြင်း၊ အောင်မြင်တိုးတက်ခြင်း၊ အာမခံချက်ရှိခြင်း စသည်တို့ ပြည့်လျှမ်းသော ကရင်ဘ၀သည်ကား ဖွားသန့်စင်၍ မလာသေးပေ။
ထို့ကြောင့် … …မျိုးချခဲ့သော မျိုးစေ့အောင်မအောင်၊ တည်ခဲ့ပြီးသော သန္ဓေကောင်းမကောင်း၊ ရေမြေ သဘာဝ အချိန်အခါနှင့် သင့်မသင့် ပြန်လည်၍ စကာချ ရွေးထုတ်သန့်စင်သွားရင်း … …ပတ်ဝန်းကျင်ရှိ လှိုင်းဂယက်ကို ရှာဖွေဖော်ထုတ်ရင်း … …ကြိုတင်ကာကွယ်မှု၊ တိုက်ဖျက်တွန်းလှန်မှု အစီအမံများချမှတ်သွားနိုင်ရေးတို့အတွက် … …
“သမရိုးကျ” ဆိုသည်များတွင် ပယ်စွန့်သင့်သည်များကို နှမြောတွန့်တိုမှုမရှိ၊ လက်ခံသင့် သည်များအား ဖွံ့ထွားအောင် ကြံဆောင်ရင်း ရှင်သန်ဖွံ့ထွားသည့် ကရင့်ဘ၀သစ် ဖွားသန့်စင်ရေးအတွက် အသင်စာရှုသူလည်း ပြုစုပျိုးထောင်ရန် တာဝန်ရှိလာပါပြီ … …
အသစ်အသစ်ဆိုသည်များ
အဟောင်းအဟောင်းတို့ ပျက်သုဉ်းချုပ်ငြိမ်း၍ အသစ်အသစ်တို့ ပေါ်လာရစမြဲ။ သို့သော် အဟောင်း အဟောင်းဆိုသည်များမှာ ကာလကြာရှည်သည်နှင့်အမျှ ပျောက်ကွယ်သွားရသည်များ ရှိသကဲ့သို့ အနာဂတ် သမိုင်းမှတ်တိုင်များ၊ သင်ခန်းစာများအဖြစ် ဖြစ်ပေါ်လာရသည်လည်း ရှိနေပေသည်။
လူမျိုးတိုင်း နိုင်ငံတိုင်းတို့သည် ခေတ်အဆက်ဆက်နှင့် စံနစ်အဖုံဖုံကို ပြောင်းလဲဖန်တီး လာခဲ့ကြသည်။ သို့တည်းမဟုတ် ဖြတ်ကျော်ရင်ဆိုင်ကြရသည်ချည်းပင်။
ကျွန်ုပ်တို့ ကရင်အမျိုးသားများသည်လည်း ခေတ်အဆက်ဆက်နှင့် စနစ်အဖုံဖုံ၏ ရေစီး ကြောင်းဝယ် ခရီးရှည်ဖြတ်သန်း ကျော်လွှားခဲ့ရပြီးဖြစ်လေရာ အတိတ်မှ ကရင့်ဘ၀ သင်ခန်းစာကို ယူ၍ အနာဂါတ် ရှေ့ခရီးရှည်အတွက် “အသစ်အသစ်”များ တည်ဆောက်သွား ကြရဦးမည်သာ ဖြစ်ပေသည်။
“အသစ်အသစ်” ဆိုသည်တို့အနက် ကရင့် အနာဂတ်ဖန်တီးရေး၏ အခြေခံတရားများအား ရှာဖွေ ဖော်ထုတ်ကျင့်သုံးရေးကို အလေးထား တင်ပြလိုပေသည်။ တနည်းဆိုရသော် ယနေ့ ကရင့်အမျိုးသားရေးကို သဘောတရားရေးနှင့် လက်တွေ့ရေးနှစ်ဖြာဖြင့် ချိန်ထိုး သုံးသပ်ပြီးမှ ရှင်သန်ဖွံ့ထွားမည့် အနာဂတ်သန္ဓေတည်ပေးရေးပင်ဖြစ်ပါသည်။
ကရင့်အနာဂတ်အရေးမှာ မျှော်မှန်းချက်သာဖြစ်ပြီး ဥုံဖွ မန်းမှုတ်ကာ ဆုတောင်း၍ ရကောင်းသော အရာမဟုတ်လေရကား အတွေးမှန်နှင့် မှန်ကန်သော အလုပ်ဖြင့်သာ ဖော်ဆောင် ရမည်ဖြစ်လေသည်။ ကရင့်အရေးကို စေ့စေ့တွေးသော် သမိုင်းအတိတ်ကြောင်း၏ ဆိုးကျိုးကောင်းမွေများကို သင်ခန်းစာရယူခြင်းထက် ဖက်တွယ်ထိန်းသိမ်းထားမှုဘက်၌ အလေးသာလျှက်ရှိကြောင်း ယူဆရပေသည်။ အဘယ့်ကြောင့်ဆိုသော် ကရင်တို့၏ အမျိုးသားရေးရုန်းကန်ဖော်ဆောင်မှုအရပ်ရပ်၌ အောင်မြင်သင့်သည်ထက် လျှော့နည်းနေခြင်းနှင့် အဟုန်တံ့နေခြင်းတို့ကြောင့်ပင်ဖြစ်လေသည်။
တို့ခေတ်တံခါး
ကရင့်အနာဂတ်ရေးကို ဆန္ဒအဖုံဖုံ အမြင်အမျိုးမျိုးနှင့် အလုပ်အထွေထွေတို့ကို ရှုဒေါင့်တစ်ခုစီမှ အလေးပေး၍ ချမှတ်ခဲ့ကြသည်။ လုပ်ဆောင်ခဲ့ကြသည်။ မျက်မှောက် ကျွန်ုပ်တို့တတွေလည်း ဆက်၍တွေးဆ ကြနေရပြန်ပြီ။ လုပ်ငန်းစဉ် အစီအမံများ၊ လက်တွေ့ အလုပ်များ ချမှတ်လုပ်ဆောင် ကြရပေဦးမည်။ တို့ခေတ် တံခါးတို့များ ဖွင့်နိုင်ကြပါမည်လား … … အတွေးဖြင့် လမ်းစရှာ၍ အလုပ်ဖြင့် တို့ခေတ်တံခါး တို့များဖွင့်နိုင်ရေးသည် သမိုင်းပေးတာဝန်တရပ် ဖြစ်လာခဲ့ပေပြီ။
ဘိုးဘွားမိဘများနှင့် နောင်တော့် နောင်တော်တို့ကလည်း ကရင့်ဘ၀ အခိုင်အမာ တည်ဆောက်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် အဖြေရှာ ချဉ်းကပ်ကြပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့လည်း ဆက်၍ အနီးကပ် ချဉ်းကပ်ပြီး အဖြေရှာ ဖော်ထုတ် သွားရဦးမည် ဖြစ်ပေသည်။
ဘယ်ကစ၍ ချဉ်းကပ်မည်နည်း
အမျိုးသားရေးသည် ကျယ်ဝန်းထွေပြား လှပါသဖြင့် လက်တွေ့ဘ၀မှ ကြွေးကြော် ဖော်ဆောင် နေကြသော “ယဉ်ကျေးမှု” ရေးရာ ရှုဒေါင့်မှ ဝေဖန်သုံးသပ် ချဉ်းကပ်လိုပေသည်။
“ယဉ်ကျေးမှု” ဆိုသည်မှာ အဘယ်နည်း … …“ယဉ်ကျေးမှု” ဆိုသည်မှာ မြန်မာမှုပြုထားသည့် ဝေါဟာရတွင် အင်္ဂလိပ်စကား Civilization နှင့် Culture ကို ပေါင်းရုံးပြန်ဆို ထားခြင်းဖြစ်သည်ဟု ဆိုထားပေသည်။
Civilization ဆိုသော ယဉ်ကျေးမှုမှာ လူမှု အဖွဲ့အစည်းငယ် ကျေးလက်ဇနပုဒ်မှ မြို့ပြဒေသ အဖြစ် ဆင့်ကဲဖြစ်ပေါ် တိုးတက် ဖွံ့ထွားလာခြင်းဟု မူလအဓိပ္ပါယ်ရှိရာ မူလအဖွဲ့အစည်း၏ အနာဂတ်ကို ရှေ့ရှုသောအားဖြင့် ဆင့်ကဲဖန်တီးခြင်းသည် ယဉ်ကျေးမှု တရပ်ပင်ဖြစ်လေသည်။
Culture ဆိုသော ယဉ်ကျေးမှုမှာ လူမှုအဖွဲ့အစည်း၌ရှိသော အနုပညာ ပစ္စည်းများ၏ ဖွံ့ဖြိုးတိုးတက်ခြင်း အသွင်သဘော ကိုဆောင်ပေသည်။ အနာဂတ်ကို ရှေ့ရှုသောအားဖြင့် ရှေ့သို့ ရှေ့သို့သာ ဦးတည်ချီတက်နေသည့် သဘောမရှိဟု ဆိုနိုင်သည်။ နောက်သို့လည်း ဆုတ်နိုင်သည်။ ရှေ့သို့လည်း တက်နိုင်သည်။ သို့သော် အနာဂတ်အတွက် အာမခံချက် မပေးနိုင်ပေ။
တနည်းဆိုရလျှင် ကျွန်ုပ်တို့ နေထိုင်စားသောက်ရေး တိုးတက်ဖွံ့ဖြိုးရေး၊ အခိုင်အမာ ရပ်တည်ရေးတို့အတွက် ဆောင်ရွက်ပေးသော အင်္ဂါရပ်ပစ္စည်းများတို့မှာ Civilization ၌ အကျုံးဝင်ပြီး ကျွန်ုပ်တို့၏ ဘ၀အမျိုးသားဘ၀ကို ထုတ်ဖော်ပြဆိုရာ အင်္ဂါရပ်ပစ္စည်းတို့ မှာ Culture ၌ အကျုံးဝင်သည်ဟု ဆိုရပါမည်။
ပညာရှင်များတို့က ရှုဒေါင့်အဖုံဖုံဖြင့် ယဉ်ကျေးမှု၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုကိုင်ဆွဲ ဖော်ဆောင် လာခဲ့ကြသည်။ “ယဉ်ကျေးမှု” ၏ နယ်ပယ်ကား ကျယ်ဝန်းလှ၏။ အချုပ်ကိုသာ ဆိုရသော် လူသား (၀ါ) လူမျိုးတမျိုး၏ အနုပညာရပ်များ၊ သီဆိုကခုန်မှုများ အစဉ်အလာ ဓလေ့ထုံးတမ်းများ ကျင့်ကြံလုပ်ကိုင် သမျှသော အမူအကျင့်စရိုက် များနှင့်တကွ စွမ်းရည် ဂုဏ်အင်္ဂါ ဗီဇလက္ခဏာ များသည် ယဉ်ကျေးမှုပင်ဖြစ်သကဲ့သို့ လူမျိုးတမျိုး၏ စီးပွားရေး၊ နိုင်ငံရေးစနစ်များ၏ ရောင်ပြန်ရိပ်များ- လူသားတို့အတွက် လူသားများ ဖန်တီးသော ပကတိ ပတ်ဝန်းကျင် အခြေအနေများသည်ပင်လျှင် ယဉ်ကျေးမှုမည်ပေသည်။ တနည်းဆိုရသော် လူသားနှင့် လူသားတို့၏ ဘ၀၊ လူမျိုးနှင့် လူမျိုး၏ ဘ၀ကို အကြောင်းပြုပြီး ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဟူ၍ စိတ်ဖြာနိုင်ပေသည်။
ကရင်နှင့်ယဉ်ကျေးမှု
ထို့ကြောင့်လည်း ကရင့်အမျိုးသားဘ၀တိုးတက်ခိုင်မာရေးနှင့် စာပေယဉ်ကျေးမှုဖော်ထုတ် မြှင့်တင်ရေး ကြွေးကြော် ဖော်ဆောင်ချက်တို့မှာ ယဉ်ကျေးမှု နယ်ပယ်အတွင်းမှပင် ဖြစ်ပေါ်နေမည်မှာ ယုံမှားစရာရှိပေ။ သီဆိုကခုန်ခြင်း၊ စာပေအနုပညာ ဖော်ထုတ်ခြင်းမျှနှင့် လုံလောက်သော ဖော်ဆောင်မှု မဖြစ်နိုင်သေးပေ။
ထို့အပြင် ကြွေးကြော်ဖော်ဆောင်ချက် မှန်သမျှ အောင်မြင်နိုင်ရေးသည် လမ်းညွှန်မှု ရှိနေရပါမည်။ အစီအမံလည်း ရှိရပေဦးမည်။ ဖော်ဆောင်ချက် လက်တွေ့လုပ်ငန်း၏ လမ်းညွှန်မှုကား သဘောတရားရေး (၀ါ) တွေးခေါ်ယူဆချက် မှန်ကန်ရေး၌ အခြေခံပေသည်။
အဘယ်သော သဘောတရား လမ်းညွှန်မှုကို ခံယူကြရမည်နည်း။ အဘယ်သို့သော အမြင်အတွေး ခံယူချက်ထားကြမည်နည်း။
တကယ့်ဘ၀နှင့် စာတွေ့သဘောတရားရေး
အဘယ်မျှလောက်ပင် စံတင်ထိုက်ပါသည်ဆိုသော ကျမ်းများ၊ ၀ါဒများ၊ အယူအဆများနှင့် အသိပညာရှင်များ ရှိနေစေကာမူ လက်တွေ့ဘ၀၏ အတွေ့အကြုံများကို စေ့ငှငုံမိနိုင်အောင် စွမ်းနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် “ဘ၀အတွေ့အကြုံသည် ပထမ၊ အသိပညာအယူအဆတို့သည် ဒုတိယ” ဟူသော အချက် ရှိနေခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။
သို့ဖြစ်လေရာ တကယ့်ဘ၀သည်သာလျှင် စာတွေ့ အသိပညာတို့၏ အမိအဖဖြစ်၍ ဘ၀သည်သာလျှင် ၀ါဒအပေါင်း- သဘောတရား အယူအဆအပေါင်းတို့၏ အာစရိယကြီး ဧကန်စင်စစ်ဖြစ်လေတော့ရာ အနာဂတ်ကရင့်ဘ၀ကို တွေးဆလျှင် တကယ့် ကရင့်ဘ၀ကို ကွေ့ရှောင်ကျော်ဖြတ်၍ မဖြစ်နိုင်ပေ။ မမြင်မကြား လို၍လည်း မရ။ မပြောလို မသုံးသပ် လို၍လည်း မဖြစ်တော့ပေ။
အနာဂတ် ကရင့်အရေးဆိုသည်မှာ “ကရင်” ဆိုသော လူ့ဘောင် (အမျိုးသားထု)နှင့် ထိုအမျိုးသား ထု၏ ဘ၀သည် တိုက်ရိုက် ဆက်နွယ် နေပေရာ အမျိုးသားထု ဘ၀၌ အခြေခံအကျဆုံး ဖြစ်သော အတွေးအခေါ်ခံယူ ချက်မှန်ကန်ရေးသည် ပဓာနကျလာပေသည်။ကရင်တို့၏ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (တွေးခေါ်ခံယူမှု) မတိုးတက် လေသေးသမျှ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများ အောင်မြင်ခိုင်မြဲမည် မဟုတ်ပေ။
ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၏ အခြေခံအကျဆုံးဖြစ်သော ကရင့်မျိုးရိုး ဗီဇပင်ကိုယ် သဘာဝများအား ဝေဖန်သုံးသပ် ရပေတော့မည်။
မျိုးရိုးဗီဇကို ဖက်တွယ်အပ်သလော
ကရင်အမျိုးသားများတို့သည် ရိုးသားကြသည်။ သစ္စာရှိကြသည်။ အေးဆေးစွာ နေလိုမှုရှိသည်။ ရောင့်ရဲလွယ်သည်။ သည်းခံနိုင်မှု အနွံအတာခံနိုင်မှု၊ ပွင့်လင်းမှု၊ ယုံလွယ်မှုစသော မျိုးရိုး ဗီဇများရှိကြောင်း အမျိုးက နားလည်ခံယူခဲ့ကြသည်။ “မျိုးရိုးဗီဇ စောင့်ထိန်းကြ” ဟူ၍လည်း စေ့ဆော် ကြွေးကြော်ခဲ့သည်မှာ အထင်အရှားပင်။
ပင်ကိုယ်စိတ်ဓာတ် မျိုးဗီဇဆိုသည်မှာ စွဲမြဲသည့်အသွင် ခိုင်မာသည့်သဘော ရှိနေရာ အခြားသော စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် အယူအဆများကိုပင် လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းသော သဘောလည်း အပြည့်ရှိနေတတ်သည်။ သို့ဖြစ်လေရာ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့လုပ်ငန်း တိုးတက်မှုအတွက် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (သဘောတရားရေးများ) ရှာဖွေ ဖော်ထုတ်သည်တွင် အကြီးမားဆုံး ဟန့်တားမှုပြုမည့် ကရင့်မျိုးရိုးဗီဇကို ဖက်တွယ်စောင့်ထိန်း အပ်မအပ် ဆိုသည်ကို စေ့စေ့တွေး၍ ဆင်ခြင်အပ်ပေပြီ။
အဘယ့်ကြောင့်ဆိုသော် … …ရိုးသားခြင်းကို မြတ်နိုးအပ်ပါ၏။ သို့သော် “ရိုးသားခြင်းသည် ရိုးသားမှုသို့သာ တုန့်ပြန်ရမည့် သဘော” ပါရှိသဖြင့် အတိုင်းအတာ တခုအထိ မြတ်နိုးကျင့်သုံးအပ်ပါသည်။ သို့သော် ဆန့်ကျင်ဘက်ဝန်းကျင်၊ မရိုးသားသော ပရိယာယ်မာယာများသော စဉ်းလဲတတ်သည့် ၀န်းကျင်တွင် အချယ်လှယ်ခံ၊ လည်စင်းခံရာ ရောက်မည့် “နုံအ” မှု အဖြစ်မျိုးရောက်အောင် ရိုးသားခြင်းကိုကား တော်လှန်ပစ် ရပေမယ်။ တော်လှန်ဝံ့ ရပေမည်။
အေးဆေးစွာ နေလိုမှုဖြင့် ပတ်ဝန်းကျင်နှင့် ကင်းရာ ဝေးရာဒေသများတွင်လည်းကောင်း၊ လူထူထပ်ရာကို ရှောင်ဖယ်၍ လူမှုဝန်းကျင် ပြဿနာများကို ရှောင်ကွင်းလိုမှုဖြင့် ကျေးလက်နှင့် မြို့စွန်ရပ်ဖျားတွင် အခြေချ နေရာယူလေ့ရှိခဲ့ရာ ပတ်ဝန်းကျင်အား မျက်ခြေပြတ်ကာ ခေတ်နောက်ကျန်ရစ် စေနိုင်သည်။ ခေတ်နှင့် ယှဉ်သော တိုးတက်ရေး လမ်းကြောင်း၏ ပိတ်ဆို့မှုလည်း ဖြစ်စေမည်။ တိုးတက်သော အနာဂတ်ရေးအတွက် ပိတ်ဆို့မှုမှန်သမျှ ဖယ်ရှားတော်လှန်ဝံ့ ရမည်ဖြစ်ရာ အေးဆေးစွာဖြင့် သီးခြားရပ်တည်၍ မဖြစ်နိုင်တော့ကြောင်း ခံယူကျင့်သုံးသွားကြရပေမည်။
ကိုယ်ကျိုးရှာ ခေါင်းပုံဖြတ်မှု၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် မရိုးသားမှုတို့၏ အသုံးချချယ်လှယ်ရာ စားကျက်နယ်မြေသည် သစ္စာရှိခြင်း၊ ပွင့်လင်းခြင်း၊ ယုံလွယ်ခြင်းတို့ပင် ဖြစ်လေသည်။ ယုံလွယ်တတ်သော သဘောသည် မခိုင်မာသည့်အသွင်၊ ယိမ်းယိုင်တိမ်းညွတ် လွယ်သည့် သဘောဖြစ်သဖြင့် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု မရှိသည့် အသွင်ဖြစ်သည့် ပွင့်လင်းခြင်းသည် လျှို့ဝှက်တတ်သူတို့၏ သားကောင်များ ဖြစ်လေ့ရှိတတ်ပေသည်။
တင်းတိမ်ရောင့်ရဲလွယ်တတ်သော သဘော၌ ရှိသမျှ စား၊ ပေးသမျှယူ၊ ပြုသမျှကျေနပ်တတ်သည့် အသွင်များပါဝင်လေရာ ကတုံးပေါ်ထိပ်ကွက် ချယ်လှယ်ခေါင်းပုံဖြတ်တတ်သည့် လူမှုဝန်းကျင်တွင် အချယ်လှယ်ခံဘက်ကချည်း ရပ်တည်နေရတတ်ပေသည်။
သို့ဖြစ်ခြင်းကြောင့် ကရင့်အနာဂတ်အရေး တွေးဆသူတိုင်း မျိုးရိုးဗီဇစိတ်ပိုင်းဆိုင်ရာ အသွင်လက္ခဏာများကို ခေတ်နှင့် လူမှုဝန်းကျင်နှင့် လိုက်လျောညီစွာ ခံယူကျင့်သုံးနိုင်ရေးသည် တော်လှန်ပြောင်းလဲစရာတို့၏ အခြေခံဟုပင် အခိုင်အမာဆိုချင် ပါသည်။
အနာဂတ်အရေး
“တိုးတက်ရေး” နှင့် “အောင်မြင်ရေး” ကို မျှော်မှန်းခြင်းသည် အနာဂတ်အရေးပင်ဖြစ်သည်။ “အတိတ်ကို အခြေခံ၊ ပစ္စုပ္ပန်ကို မျက်မှောက်ပြုပြီး၊ အနာဂတ်ကို ရှေ့ရှု” ရမည်ဟု ဆိုပါသည်။
အနာဂတ်အရေးကို သုံးသပ်ကြည့်လျှင် … …(က) ကရင့်အမျိုးသားဘ၀ အခိုင်အမာရပ်တည်နိုင်ရေးနှင့်(ခ) ခေတ်နှင့် ယှဉ်၍ အများနှင့် နည်းတူတိုးတက်ဖွံ့ဖြိုးရေးကို မျှော်မှန်းချက်ထားရှိပေသည်။
ဖော်ပြပါ အချက်နှစ်ရပ်ကို စိတ်ဖြာကြည့်ပါက ကရင့်အမျိုးသားဘ၀ အခိုင်အမာ ရပ်တည်နိုင်ရေးသည် အဓိကနှင့် အခြေခံ အကျဆုံး တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် “အခြေခံတကျနှင့် ခိုင်မာသည့် အုတ်မြစ် မရှိသော တိုးတက်ဖွံ့ဖြိုးမှု ဆိုသည်မှာ သဲပုံပေါ် မှန်နန်းတည်ဆောက်ခြင်း၊ သဲပုံစေတီကို ရွှေထီးတင်ခြင်း” မျိုးသာ ဖြစ်ပေလိမ့်မည်။
အမျိုးသားဘ၀အခိုင်အမာ တည်ဆောက်ရေးမှာ စာပေယဉ်ကျေးမှု ထုံးဓလေ့များ ဖော်ထုတ် ထိန်းသိမ်းရေးမျှနှင့် မပြီးနိုင်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး လူမှုရေးပါ ပါလေရာ အကြောင်းပေါင်းစုံ လုပ်ငန်းစုံဖြင့် ဖော်ဆောင်သွားရမည်သာ ဖြစ်ပေသည်။
လက်တွေ့ဘဝ
အကြောင်းပေါင်းစုံ၊ လုပ်ငန်းစုံဖြင့် အမျိုးသား ဘ၀ကို ဖော်ဆောင်ရမည်ကား မှန်ပါ၏။ သို့သော် ဤနေရာတွင်ကား လက်တွေ့ဘ၀ စာပေယဉ်ကျေးမှု နယ်ပယ်မှနေ၍ တည်ဆောက်ရေး အုတ်မြစ်အခြေခံတရားများကို အလေးထားရှာဖွေဖော် ထုတ်လိုပေသည်။
မျက်မှောက်ဘ၀ ကရင်လူမျိုးအတွင်း … …(၁) ဘာသာစကားမတူညီသော မျိုးနွယ်စုငယ်များဖြင့် ပေါင်းစုဖွဲ့စည်းထားလျှက် ရှိနေခြင်း(၂) ယုံကြည်ကိုးကွယ်မှု ခြားနားလျှက် ရှိနေခြင်း(၃) စာပေအက္ခရာရေးထုံး အလီလီ ရှိနေခြင်း(၄) နေရာဒေသ ပြန့်ကျဲစွာနေထိုင်လျှက် ရှိခြင်း
စသည့် အခြေခံ ကွဲပြားကွာဟချက်တို့မှာ အတိတ်မှ အမွေအနှစ်များအဖြစ် လက်ဆင့်ကမ်း လာခဲ့ပါသည်။ အခြေခံ ကွဲပြားချက် ရှိနေခြင်းသည် လက်တွေ့လုပ်ငန်း၌ တိုးတက်မှုနှင့် မှန်ကန်သော အောင်မြင်မှုကို မတည်ဆောက် နိုင်ပေ။ အဟန့်အတား အကာအဆီး ပြုနေမည် ဖြစ်သည်။
ထိုသို့သော အဟန့်အတားများအား မီးလောင်ရာလေပင့် တွန်းအားပြုနေသည့် အကြောင်းတရား များကို ဖော်ထုတ်ကြည့်လျှင်(၁) လမ်းညွှန်မှုအစီအမံ စနစ်တကျ မရှိခြင်း(၂) တူညီသော အမျိုးသားရေး အသိအမြင် ခံယူချက် အားနည်းမှေးမှိန်လျှက် ရှိခြင်း။(၃) ကာလဒေသအခြေအနေ - တည်းဟူသော အကြောင်းရပ်များကို တွေ့ရပေသည်။အထက်ပါ အခြေခံ ကွဲပြားချက်နှင့် အထောက်အကူ မီးလောင်ရာ လေပင့်ပေးသော အကြောင်းတရားများ ရှိနေခြင်းကြောင့် အမျိုးသားထုတွင်း စည်းလုံးညီညွတ်မှုနှင့် လက်တွဲဆောင်ရွက်နိုင်မှုတို့ကို ပျက်ပြားစေခဲ့သည်။ ကာဆီးပိတ်ဆို့စေခဲ့သည်။ လက်တွဲ ဆောင်ရွက်မှု မရှိခြင်းသည် နားလည်မှု မရှိစေခြင်းနှင့် အမြင်မှား သံသယပွားမှုကိုသာ ဖန်တည်းစေသဖြင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေကာ အောင်မြင်နိုင်မှု ဆိုသည်များမှာ လိုက်လေဝေးလေ ဖြစ်ရလေတော့သည်။
စည်းလုံးမှု၏ အခြေခံကို ရှာဖွေကြည့်လျှင်
“တူညီသော အလုပ်တွင် တူညီသော ဦးတည်ချက်နှင့် လမ်းညွှန်မှုအစီအမံရှိခြင်း” တို့အပေါ်၌ အခြေခံလျှက် ရှိနေပါသည်။
ကရင်ဘ၀၏ အတိတ်အကြောင်းများကြောင့် နယ်မြေဒေသ ပြန့်ကြဲစွာ နေထိုင်လျက်ရှိပြီး ဘာသာ စကားစာပေယဉ်ကျေးမှု နှင့် ယုံကြည်ကိုးကွယ်မှု ကွဲပြားချက်တို့မှာ မလိုလား- မမြင်ကြား လိုသော်လည်း ရှောင်လွှဲမရ ဖြစ်ခဲ့ပါပြီ။ သို့ကြောင့်လည်း ဤလမ်း ခုလပ်မှနေ၍ အနာဂတ်အရေးအတွက် မိမိကိုယ်ကို ဝေဖန်ရေးအား အလေးထားပြီး မထောက်မညှာ ရဲဝံ့စွာ ပြုကြရန် အချိန်တန်လေပြီ။
ကရင်အမျိုးသားရေးဆိုသည်မှာ
အမျိုးသားထု အကျိုးတရားအတွက် စာပေရေး၊ ယဉ်ကျေးမှုရေး၊ စည်းလုံးညီညွတ်ရေး စသည်ဖြင့် မကြာခဏ ဟစ်ကြွေး ဖော်ဆောင် ခဲ့ကြသည်။ ဖော်ဆောင် နေကြဆဲလည်း ဖြစ်သည်။ ဟစ်ကြွေး သကဲ့သို့ပင် အလုပ်များ၊ အတွေး - အယူအဆများ၊ စီမံမှုများ ချမှတ်လာခဲ့ကြပါ၏။ သို့သော် ကျွန်ုပ်တို့ အပြောနှင့် အလုပ်သည် ရှေ့နောက်ညီခဲ့ကြ ပါပြီလား။ မိမိကိုယ်ကို ဆန်းစစ်မိသူ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် နည်းမည်ထင်မိ၏။
ကရင်အမျိုးသားရေးသည် အမျိုးသားထုနှင့် ဆိုင်ပါသည်။အမျိုးသားထုကိုလည်း အခြေခံယူရသည်။ ကရင့်စာပေအရေးကို တွေးဆကြည့်လျှင် စကောကရင် စာပေ၊ ပိုးကရင်စာပေ စသည့် စာပေအင်အားစုတို့သည် ကရင်အမျိုးသားထုအတွက်ဟု ခံယူလာခဲ့ လုပ်ဆောင်လာခဲ့ ကြသည်မှာ ဖြစ်သင့်ဖြစ်ထိုက် ပါမည်လော။ ဤသည်မှာပင် မိမိအမျိုးသားထုကို လှည့်စားလိုက်ခြင်း၊ မိမိတို့ကိုယ်ကို တကယ့်မျိုးချစ်များအဖြစ် ပြန်လည် လှည့်စားနေကြခြင်းပင် ဖြစ်မနေပါလား။ စေ့စေ့တွေးကြည့် စေချင်ပါသည်။
အဘယ်ကြောင့် ဆိုသော် စကောကရင် စာပေအင်အားစု၊ ပိုးကရင်စာပေ အင်အားစု - စသည် စသည်ဖြင့် တစုတဖွဲ့ အုပ်စု အသိုင်းအ၀ိုင်းကိုသာ ကိုယ်စားပြု အကျိုးပြုနေမည့် စာပေ ဖော်ထုတ်မှုမျိုးသာ ဖြစ်မနေပါလား။ စာပေအက္ခရာအစွဲ ဘာသာစကားအစွဲ၊ ဂိုဏ်းဂနအစွဲများ ကြီးထွားလာစေခဲ့ကြောင်း အတိတ် စာပေသမိုင်းကို လေ့လာက မြင်တွေ့ရပေ လိမ့်မည်။ ကရင်အမျိုးသားထုကို ကိုယ်စားပြုသော ကရင်တမျိုးသားလုံး လက်ခံနိုင်သော စာပေရေးထုံးသည် ပေါ်ထွက်၍ မလာသေးပေ။
ယဉ်ကျေးမှုရေးရာ၌လည်း ထိုဟာမှားသည်၊ ဤအရာမှန်သည် စသည်ဖြင့် ရှေးဟောင်းကို ရှေးဟောင်းဖြစ်သည့် အကြောင်း တခုတည်းနှင့် ထူးထူးခြားခြား မြတ်နိုးခြင်း၊ ခေတ်ပေါ်ကို ခေတ်ပေါ်ဖြစ်ခြင်း အကြောင်းတခုတည်းနှင့် ချီးကျူးခြင်း ပြုကြသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းခြင်းမရှိဘဲနှင့် အဝေးမှ အငြင်းပွားခဲ့ကြသည်။ အမှန်တရားကို အဘယ်သို့ ရှာဖွေဖော်ထုတ်နိုင်ပါ မည်နည်း။
အမှန်တရား
တိုးတက်ခြင်း ဗိမာန်၏အခြေခံသည် အမှန်တရားဟု ဆိုပါသည်။ သို့သော် အမှန်တရား ဆိုသည်မှာ ဆုံးစရှာရ ခက်လောက်အောင် နက်နဲတတ်ပါသည်။ အမှန်တရား ရှာဖွေရန်မှာ ဘက်လိုက်ခြင်း မာန်မာန ထောင်လွှားခြင်း၊ ပြစ်တင်ရှုတ်ချခြင်းများတို့သည် အမှန်တရားနှင့် တိုးတက်မှုတို့၏ ရန်သူများဖြစ်ကြပြီး ဘ၀အတွေ့အကြုံများကို ရိုးသားစွာဖြင့် ကျိုးကြောင်းဆင်ခြင် တိုင်းထွာသွားခြင်းဖြင့် အမြင်အလင်းရောင်ကို တောက်ပစေရမည်ဟု အဆိုရှိပေသည်။
ကရင့်အမျိုးသားရေး၏ အမှန်တရားသည် အမျိုးသားထုရေးရာ အတွင်း၌ တည်ရှိနေပါသည်။ ကရင်အမျိုးသားထု၏ ဘ၀အတွေ့အကြုံကို ဆင်ခြင်ညှိနှိုင်းနိုင်းခြင်းမှ ရရှိသော အမှန်တရားဖြင့်သာ တိုးတက်မှု အကျိုးတရား ရနိုင်မည် ဖြစ်လေသည်။
ယဉ်ကျေးမှုမှသည်
ယဉ်ကျေးမှုရေးမှ အမှန်တရားမည်သို့ ရှာဖွေဖော်ထုတ်ကြပါမည်နည်း။လက်တွေ့ဘ၀ ကရင့်ယဉ်ကျေးမှု ရေးရာများအပေါ် ခံယူချက် သဘောထားများ ပီပြင်စွာ ရှုမြင်သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်ပေသည်။လူမျိုးတမျိုး၏ သရုပ်သဏ္ဌာန်ကို ထိုလူမျိုး၏ ယဉ်ကျေးမှုများက ထိန်းသိမ်းဖော်ပြ နိုင်ပါ၏။ ထိုသရုပ်သဏ္ဌာန်များကို ထိုလူမျိုးတို့က စာပေဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ ထိန်းသိမ်းလေ့ရှိသည်။ မျိုးဆက် အမွေအနှစ်များကို ထားရစ်ခဲ့ကြသည်။ သို့မဟုတ်က အခြားယဉ်ကျေးမှုများ၏ ၀ါးမျိုခြင်းကို ခံရတတ်ပြီး ယဉ်ကျေးမှု ကွယ်ပျောက်ခြင်းသည် လူမျိုးတည်တန့်ရေးအတွက် မည်သည့်အနာဂတ် အာမခံချက်မျှ ရှိတော့မည် မဟုတ်ပေ။
ရှေ့တန်းရောက် တိုးတက်နိုင်ငံနှင့် လူမျိုးတို့သည်ပင်လျှင် ၎င်းတို့၏ ရိုးရာနှင့် ခေတ်ပေါ်ယဉ်ကျေးမှုဟူ၍ အခန်းကဏ္ဍခွဲ၍ အစီအမံချ ဖော်ဆောင်ကြသည်မှာ အကြောင်းမဲ့ မဖြစ်တန်ရာပေ။ အဘယ့်ကြောင့်ဆိုသော် လူမျိုးတမျိုးကို ၀ါးမျိုခြင်း၊ အ၀ါးမျိုခံရခြင်းတို့မှာ ဖိနှိပ်ချုပ်ချယ်မှုအရလည်း ဖြစ်နိုင်သည်။ နိုင်ငံရေး ပေါင်းသင်းဆက်ဆံရေးအရ အင်အားမညီမျှ၍လည်း ဖြစ်နိုင်သည်။ စာပေယဉ်ကျေးမှုရေးအရ လွမ်းမိုးမှုများကြောင့်လည်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ယနေ့ ကရင်အမျိုးသားယဉ်ကျေးမှု လုပ်ငန်းဖော်ဆောင်ကြရာ၌ … …
· စစ်မှန်သော အမျိုးသားယဉ်ကျေးမှုပီပြင်စွာ ဖော်ထုတ်ရေးနှင့်
· စစ်မှန်သော တိုးတက်မှုရရှိရေးမှာ အမျိုးသားထု စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားထု ဘ၀အတွေ့အကြုံ ညှိနှိုင်း ဖလှယ်မှုမှ ရသည့် အမှန်တရားသည် မရှိမဖြစ်သော အခြေခံများ ဖြစ်လာပေမည်။
မျက်မှောက်အခြေတွင်ကား ကရင်တို့သည် စည်းလုံးညီညွတ်မှု မရှိသေး။ အမျိုးသားထုအတွက် အမှန်တရားသည်လည်း ပေါ်ထွက် လာခဲ့ပြီဟု မဆိုနိုင်သေးပေ။
ဤသို့ဆိုလျှင် … …
· အမျိုးသားထု စည်းလုံးညီညွတ်မှုကို မည်သို့ တည်ဆောက်ယူရ ပါမည်နည်း။
· အမျိုးသားထုအတွက် အမှန်တရား ဆိုသည်များအား မည်သို့ဖော်ထုတ် ကြမည်နည်း။
ကျွန်ုပ်တို့တတွေ ရေကူးတတ်မှ ရေထဲဆင်းမည်ဆို၍ မဖြစ်နိုင်ပါ။ ရေကူးတတ်လိုမှုဖြင့် ရေထဲဆင်းကြရ ပါမည်။ စည်းလုံးမှု ရရှိရန်အတွက် ထိုင်စောင့်၍ မရနိုင်ပါ။ အမှန်တရားကိုလည်း စုပေါင်းညှိနှိုင်းမှ ရနိုင်ပါလိမ့်မည်။
ထို့ကြောင့် အမျိုးသားယဉ်ကျေးမှုလုပ်ငန်းများကို … …
· အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးနှင့်
· အမျိုးသားထုအတွက် အမှန်တရား ဖော်ထုတ်ရေး မျှော်မှန်းချက်တို့ဖြင့် အလေးပေး ဖော်ဆောင်သွားရန် ချမှတ်သင့်လှ ပေသည်။
သို့ဖြစ်ခြင်းကြောင့် “စာပေယဉ်ကျေးမှု ဖော်ထုတ်မြင့်တင်ရေး” ဆိုရုံမျှဖြင့် မလုံလောက်တော့ပါ။ ဖော်ပြခဲ့ပါအခြေခံ ၂-ရပ်ဖြင့် ချမှတ် လုပ်ဆောင်ရန် လိုလာသည်ဖြစ်၍ “ယဉ်ကျေးမှုရေး အစီအမံ” သည် လိုအပ်ပေတော့သည်။ လမ်းညွှန်မှု အစီအမံ ဆိုသည်မှာ လူမှုအဖွဲ့အစည်းဆိုသော အခြေခံအင်အားစု ရှိရပေသည်။ ကရင်တို့တွင် ထိုအခြေခံမျိုး ကျေနပ်ဖွယ်ရာ မရှိသေးပါ။
ကရင်တို့သည် ကရင်ပြည်၊ ရန်ကုန်တိုင်း၊ ဧရာဝတီ စသဖြင့် ပြန့်ကျဲနေ၏။ ကရင် ၇-ဦးရှိလျှင် ၁-ဦးသာ ကရင်ပြည် တွင် ရှိနေသည်။ ကရင်ပြည်မှာ စာပေယဉ်ကျေးမှု လုပ်ငန်းသည် အခြားတိုင်းဒေသရှိ ကရင်များကို ကိုယ်စားပြု အကျိုးပြုနိုင်သည့် အနေအထားမရှိသေး။ နယ်မြေအလိုက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖော်ဆောင်နေကြသည်။ အားလုံးအတွက် လမ်းညွှန်မှု အစီအမံဆို၍ ဗလာနတ္ထိ။
ယဉ်ကျေးမှုလုပ်ငန်း သည်ပင်လျှင် အမျိုးသားထု အ၀န်းအ၀ိုင်းအား ခြုံငုံ၍ လမ်းညွှန်မှု အစီအမံ ချမှတ်လုပ်ဆောင်မှု မပြုနိုင်သေးသမျှ အောင်မြင်မှု ဆိုသည်မှာလည်း စိတ်ကူးထဲက မျှော်မှန်းချက် အဖြစ် တည်ရှိနေဦးမည် ဆိုသည့်အချက်ကို သဘောတရားရေးအရ ဖွင့်ဆိုရဦးမည်ပင်။
သို့သော် “မရှိ-မဖြစ်” ဆိုသည့် အရှုံးပေး၊ အညံ့ခံတို့၏ လက်သုံးများကို ခံယူကျင့်သုံးလိုသည့် ဆန္ဒစိုးစဉ်းမျှ မထားစကောင်း ဖြစ်လေသဖြင့် အကျဉ်းအကြပ်ကို ထွက်ပေါက်ရှာနေကြရမည် ဖြစ်တော့သည်။
ရှာဖွေတွေ့ရှိရသော ထွက်ပေါက်ကား
“ကရင်အမျိုးသား တဦးစီ၏ လမ်းညွှန်မှုနှင့် လမ်းညွှန်မှုခံရမည့်သူမှာ မိမိတို့ကိုယ်စီသာ ဖြစ်သည်”သို့ဖြစ်လေရာ မိမိတို့၏ ရှေ့ဆောင်လမ်းညွှန်မှုသည် ဘယ်အရာဖြစ်၍ အဘယ်လမ်းညွှန်မှုနောက် လိုက်ကြရ ပါမည်နည်း။
မရှိသုံး အဖြေတရပ်ကား ကရင်တဦးစီ၏ လမ်းညွှန်မှုသည် မိမိတို့၏ “ကရင်အမျိုးသားရေး အသိ” ပင်ဖြစ်၍ ထိုအမျိုးသားရေး အသိအမြင်၏ လမ်းညွှန်မှုအတိုင်း လက်တွေ့ကျင့်သုံး ဖော်ဆောင်သွားရန် ဖြစ်တော့သည်။
ကရင်နှင့် အမျိုးသားရေးအသိ
ဤတွင် “ကရင့်အမျိုးသားရေး အသိအမြင်” သည် ပဓာနကျသော အခန်းရောက်လာတော့သည်။ အမျိုးသားရေး အသိကား အဘယ်ကြောင့် မိမိတို့ သန်ရာ ရှုဒေါင့်မှ ဖွင့်ဆိုကြမည် မလွဲပါ။
စာရေးသူအမြင်နှင့် အယူအဆကိုတင်ပြရသော် လူမျိုးတိုင်း လူမျိုးရေး စိတ်ဓာတ် ရှိနေကြပါသည်။ ကရင်တို့လည်း ကရင် လူမျိုးရေးစိတ်ဓာတ် ရှိနေမည်မှာ အငြင်းပွားစရာ မလို။ သို့သော် ကရင်လူမျိုးတိုင်း ကရင့်အမျိုးသားတိုင်း စိတ်ဓာတ်ရှိချင်မှ ရှိပါလိမ့်မည်။ ရှိမနေသေးပါဟုပင် အတိအကျ ဆိုလိုက်ချင်ပါသည်။
နားလည်သလိုသာ ရှင်းရသော် - လူမျိုးရေး စိတ်ဓာတ်ဆိုသည်မှာ မိမိလူမျိုးအပေါ် တဦးချင်း ခံစားချက်မျိုး ဖြစ်သည်။ မွေးရာပါ ဖြစ်သည်။ အမျိုးသားရေးအသိ ဆိုသည်မှာကား မိမိ၏ လူမျိုးရေးစိတ်ဓာတ် အရင်းခံမှနေ၍ မိမိအမျိုးသားထုဘ၀ ကိစ္စရပ်များကြောင့် အမျိုးသားရေးအသိ ၀င်လာရသည်။ ခံစားချက် အမြင်သစ်မျိုး ၀င်လာခြင်းဟု ဆိုနိုင်မည် ထင်မိသည်။
လူမျိုး၏ ဘ၀အခြေခံတရားများ (ဘာသာ စာပေယဉ်ကျေးမှု-စသည်) ကွဲပြားခြားနားမှု ထွေပြားလာသည်နှင့်အမျှ အမျိုးသားရေး အသိသည်လည်း အားနည်း မှေးမှိန်လာကာ တချိန်တည်း မှာပင် အခြေခံ ကွဲပြားချက်တို့သည် စေ့စပ်၍မရသော အားပြိုင်မှု ပဋိပက္ခအသွင် ဆောင်လာမည် ဖြစ်သည်။
အထက်ဖော်ပြခဲ့သလိုပင် အမျိုးသားရေး အသိဆိုသည်မှာ အမျိုးသားဘ၀မှသာ ရနိုင်သည်။ ထို့ကြောင့် ကရင့်ဘ၀ သမိုင်းကြောင်းကို နားလည်သိရှိထားရန် အထူးလိုအပ်လာတော့သည်။
ကရင့်ဘ၀တွင် အခြေခံကွဲပြားချက် ရှိနေစေကာမူ အမျိုးသားရေး အသိကား တခုတည်းသာ ရှိနေရမည်။ တမြင်တသဘောတည်းသာ ရှိပြီး ကွဲပြားမှု မရှိနိုင်ပေ။ ကွဲပြားခြားနားမှု အားလုံးအပေါ်မှနေ၍ ရှုမြင်သုံးသပ်သည်။ အမှန်တရားကို ဖော်ထုတ်သည်။ အားလုံးအတွက် စဉ်းစားပေးသည်။ တစုတဖွဲ့ကို ကိုယ်စားပြုမည် မဟုတ်။ ဘက်လိုက်မှုလည်း မရှိရပါချေ။
ဥပမာ
ကရင်စာပေရေးတွင် ပိုးကရင်စာပေ - စကောကရင်စာပေ အင်အားစုတို့သည် အမျိုးသားထု အတွက် လုပ်သည်ဟု ခံယူမိငြားအံ့။ ထိုသို့ဆိုလျှင် မိမိတို့ကိုယ်ကို လှည့်စားခြင်းသာ ဖြစ်လိမ့်မည်။ အမျိုးသားရေးအသိဖြင့် ဆိုသည်မှာ မဖြစ်နိုင်ပေ။ ပိုးကရင် (၀ါ) စကော ကရင်စာပေရေးအသိဖြင့် လုပ်ခြင်းသာ ဖြစ်နေမည်။ ဘာသာရေး အခြေခံဖြင့် စာပေရေးထုံး အလီလီ ပေါ်ထွက်လာခဲ့ခြင်းမှာ အမျိုးသားရေး အသိအမြင် မည်မျှအားနည်းခဲ့ကြောင်းနှင့် လက်တွဲဆောင်ရွက်မှု မရှိခဲ့ကြောင်း ထင်ရှားလှပေပြီ။ ဘာသာရေး အသိအမြင်တို့က အမျိုးသားရေး အသိအမြင်ကို စိုးမိုးချယ်လှယ်ခဲ့ကြောင်းမှာ ငြင်းကွယ်၍ မရနိုင်ပေ။
ကရင်အမျိုးသားထုအတွက် မည်သည့်ကွဲပြားချက်မျိုးကိုမှ ဖန်တီးမည်မဟုတ်။ လက်ခံမည်လည်း မဟုတ်ပေ။ ကွဲပြားမှုကို ဖန်တီးမည့် အမြင်အတွေး မှန်သမျှကိုလည်း တိုက်ဖျက်တော်လှန် နေမည်မှာ ကရင်အမျိုးသားရေး အသိအမြင်ပင် ဖြစ်လေသည်။
အချုပ်ဆိုရသော်
ကရင့်အမျိုးသားရေးအသိမှာ ကရင့်ဘ၀ အခြေခံအကြောင်းရပ်များ၊ ပြဿနာများအပေါ် အမျိုးသားထု တရပ်လုံးကို ကိုယ်စားပြု၍ ခံစားနိုင်မှု ရှိလာပါမှသာ အမျိုးသားရေး အသိအမြင် ပီပြင်လာလိမ့်မည် ဖြစ်သည်။ အသိမှရသော ခံစားမှုသည် ထိတွေ့မှုမှရသော ခံစားမှုထက် မည်သည့်အခါမျှ မလေးနက်နိုင်ပေ။
သို့ဖြစ်လေရာ ထိတွေ့မှုမှရသော လေးနက်စွဲမြဲသည့် ခံစားမှုမျိုး ရရှိလာရေးနှင့် ကရင် အမျိုးသားထု၏ လိုအပ်မှု အမှန်တရားများ ဖော်ထုတ်နိုင်ရေးတို့အတွက် … …
· ကရင့်လူမှုအဖွဲ့အစည်း အသီးသီးတို့သည် လည်းကောင်း … …
· ထိုလူမှုအဖွဲ့အစည်းတွင် ပါဝင်ကြသော အမျိုးသား တဦးချင်းအရသည် လည်းကောင်း … …
· သဘောတရားရေး အယူအဆရေး ၀ါဒရေး အပေါင်းတို့သည် လည်းကောင်း … …
ဆန္ဒစွဲကင်းစွာဖြင့် ကရင်အမျိုးသားရေး အသိအမြင်အရ ပေါင်းစုလက်တွဲရေး လုပ်ငန်းများကို ကြိုးစား အားထုတ် သင့်လှပေသည်။
သို့မှသာလျှင် ညှိနှိုင်းမှုဖြင့် အမှန်တရား ဖော်ထုတ်နိုင်ရေးနှင့် မျှော်မှန်းသော တိုးတက်ရေး ဗိမာန်အနီးသို့ ချဉ်းကပ်နိုင်ပါ လိမ့်မည်။ယနေ့မျက်မှောက်ကား “ယဉ်ကျေးမှုမှသည် - ချစ်ကြည်လက်တွဲ ရွက်ဆောင်ရေးသို့” ဟူသော ဆောင်ပုဒ်အရ ယဉ်ကျေးမှု လုပ်ငန်းရပ်များတွင် အမျိုးသားရေး အသိအမြင်ဖြင့် လက်တွဲဆောင်ရွက်မှု ပြုနေရမည်။ ကွဲပြားမှုတို့ကို ညှိနှိုင်းမှုဖြင့် အမှန်တရား (၀ါ) လိုအပ်ချက် ဖော်ထုတ်သွားရမည်။
ကရင်အမျိုးသားတိုင်း၊ လူမှုအဖွဲ့အစည်းတိုင်း ကရင်အမျိုးသားရေး အသိအမြင်၏ လမ်းညွှန်မှုကို ခံယူကာ အမျိုးသားရေး လုပ်ငန်းမှန်သမျှတွင် လက်တွေ့ခံယူ ကျင့်သုံးလာကြသည့် တနေ့တွင်ကား ကျွန်ုပ်တို့၏ အနာဂတ် ကရင့်သန္ဓေ မွေးဖွားသန့်စင် လာသည့်နေ့ ဟူ၍ ….။
မန်းဌေးရှိန်

No comments: